အမတော် မြနန်းနွယ်

 အမတော် မြနန်းနွယ်

မြနန်းနွယ်ဟာ ၁၉၀၆ ခုနှစ်မှာ မွေးတာဖြစ်ပါတယ်။ယခုရှိဆိုရင် ၁၁၁ နှစ်ရှိရော့ပေါ့။ ဦးသန့်က ၁၉၀၉ ခုနှစ်မှာ မွေးတာဖြစ်ပါတယ်။မြနန်းနွယ်ထက် ဦးသန့်က ၃ နှစ်ပင်ငယ်ပါသေးတယ်။ နောက်ပြီး ၁၉၁၅ မွေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့၊စာရေးဆရာမ ဒေါ်ခင်မျိုးချစ် တို့ ဟာမြနန်းနွယ်အောက် ၉ နှစ်လောက် ငယ်ကြပါသေးတယ်။မြနန်းနွယ်မွေးတဲ့အချိန်ဟာ အင်္ဂလိပ်လက်အောက်က ရုန်းထကြဖို့၊ လွတ်လပ်ကြဖို့ လူငယ်တွေ အသိအမြင်၊မျိုးချစ်စိတ် တွေ ပေါက်ဖွားရှင်သန်လာကြတဲ့ အချိန်ဖြစ်ပါတယ်။

အခုရေးပြတဲ့ အကြောင်းဟာ အောင်ဆုရှင် (သာကီဝင်)ဆိုတဲ့ စာအုပ်ထဲက မြနန်းနွယ်ရဲ့ အကြောင်း ဖြစ်ပါတယ်။စာရေးဆရာအောင်ဆုရှင် အဘဦးအောင်ဆု နဲ့တွေ့ပြီးမြနန်းနွယ်အကြောင်း မေးမြန်းစပ်စု ထားတာဖြစ်ပါတယ်။ မြနန်းနွယ်ဟာ စော်ဘွားမျိုးဆက်၊ သူမ၏ အဖေအမေတွေက မိုးကုတ်ကျောက်တွင်းပိုင်တွေ၊သူမမွေးပြီးနောက် မိဘတွေမှာ ကျောက်တွင်းက ကျောက်အောင်ပြီး စီးပွားတွေ တရိပ်ရိပ်တက်လာလို့ သူတို့၏ သမီး မြနန်းနွယ် အလိုကျ လိုက်လျောပေးခဲ့ကြတာ ဖြစ်ပါတယ်။ မြနန်းနွယ်ဟာ အသက် ၁၅ နှစ် မှာ အိန္ဒိယနိုင်ငံကိုတက္ကသိုလ်ပညာ ဆည်းပူးခဲ့ပါတယ်။၁၉၂၆ မှာအိန္ဒိယနိုင်ငံက ဝိဇ္ဇာဘွဲ့ယူပြီး မြန်မာနိုင်ငံကို ပြန်လာပါတယ်။မိုးကုတ်တစ်မြို့လုံး ဂုဏ်သရေရှိအမျိုးသားတွေက မြနန်းနွယ်ကို လက်ထပ်လိုကြပေမဲ့ အားလုံးကို ငြင်းဆန်၍ အပျိုကြီးပဲ လုပ်၍ နေခဲ့တယ်။ မြနန်းနွယ်ဟာ ငယ်ငယ်ကတည်းက အသားမစားပါဘူးတဲ့။ နွားနို့တော့ သောက်တယ်။ ၁၉၄၁ ဒုတိယကမ္ဘာစစ်ဖြစ်ခါနီး တော့ မြနန်းနွယ်ဟာ ၃၅ နှစ်အပျိုကြီး ဖြစ်နေပါပြီ။ အိမ်မက်ထဲမှာ ဝတ်ဖြူ စင်ကြယ် အဘိုးတစ်ဦးကမြနန်းနွယ်ကို ရန်ကုန်ပြောင်းဖို့ ၊သာသနာပြု့ဖို့အချိန်တန်ပြီ လို့ အိမ်မက်ပေးသတဲ့။ ရန်ကုန်ပြောင်းတယ်။ဗိုလ်တစ်ထောင် ဘုရားလမ်း မှာ အိမ်တစ်လုံးဝယ်တယ်။စာတိုက်နဲ့ ကပ်လျှက်။ ညနေတိုင်း ကိုယ်ပိုင်ရထား လုံးနဲ့ ဗိုလ်တစ်ထောင်ဘုရားကြီးကို လာတယ်။အစိမ်းရောင် ဝတ်စုံဝတ်တယ်။ရုပ်ရုည်က ပြေပြစ်လှပလွန်းတော့ အများကမြစိမ်းရောင် မင်းသမီးလေးလို့ တင်စားခေါ်ကြတယ်။ အိမ်မက်ထဲ ဘဝဟောင်းက ညီမတစ်တွေက မြန်မာပြည်အရပ်ရပ် စေတီပုထိုးတွေ ပြု့ပြင်ရအောင်လို့ခေါ်ပါတယ်။တစ်နိုင်ငံလုံး လှည့်၍ ဘုရားပြင် ကျောင်းဆောက် လုပ်ခဲ့တယ်။ မိဘတွေက ချမ်းသာတော့သမီး စိတ်ကြိုက် လှူတာ တန်းကို ကြည်ဖြူ စွာပဲ ခွင့်ပြု ခဲ့တယ်။ ၁၉၄၅ စစ်ဘေးဒဏ်ကြောင့် ဗိုလ်တစ်ထောင်ဘုရားကြီး ပျက်စီးပါတယ်။မြနန်းနွယ် အကြီးအကျယ် ဝမ်းနည်းပါတယ်။ အဲဒီမှာပဲ ဆုတောင်းပါတယ်။ဗိုလ်တစ်ထောင်ဘုရားကြီး ပြု ပြင်ရန် အများဆုံး မတည်ဒါန ပြု နိုင်သော အလှူအမ ဖြစ်ရပါလို၏ တဲ့။ မင်းတုန်းမင်းကြီး တစ်ချိန်က ကိုးကွယ်ခဲ့တဲ့ နန်းဦးဆင်းတုတော်ကို ဗြိတိသျှဘုရင်မကြီး အဲလိဇဘတ်ဆီက ပြန်တောင်းတယ်။အဲဒီဆင်းတုတော်ကိုလည်းစေတီပျက်ကတွေ့ရတဲ့ ဆံတော်သုံးဆူနဲ့အတူ အများပြည်သူများကြည်ညိုနိုင်ရန် အ ပူဇော်ခံထားပါတယ်။ ဆာဦးသွင်က ဆံတော် သုံးဆူကို ဋ္ဌာပနာပိတ်ထဲထည့်ဖို့ ကန့်ကွက်တာကြောင့် ယခုထိ ဆံတော်ကို အများမျက်မြင် ဖူးတွေ့နေရခြင်း ဖြစ်ပါတယ်။ ၁၉၅၅ ခုနောက်ပိုင်း မြနန်းနွယ်အနေနဲ့ ဗိုလ်တစ်ထောင်ဘုရားကို ရောက်မလာခဲ့ဘူး။ ၂၇ ရက်ကြာဗုဒ္ဓဂါယာသွားတယ် လို့ ဆိုပါတယ်။ဗုဒ္ဓဂါယာကပြန်လာပြီး ချောင်းဆိုးပန်နာ ဖြစ်၍ မိုးကုတ်ကို ပြန်သွားပါတယ်။ ၁၉၅၇ ဖေဖော်ဝါရီလမှာတော့ ချောင်းဆိုးပန်နာရောဂါနဲ့ မြနန်းနွယ် ကွယ်လွန်သွားပါတယ်။ ဒါက မြနန်းနွယ်၏ ဇာတ်ကြောင်းပါ။ ၁၉၉၀ ခုမှာတော့ အခု မြနန်းနွယ်ဘဝ အကြောင်းကိုရေးသားသူ ဆရဦးအောင်ဆုက မြနန်းနွယ် ရုပ်ထုကို တိတ်တဆိတ် ထုလုပ်စေခဲ့တာ ဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့ အလှူရှင်မတစ်ယောက်အနေနဲ့ သူမလှူခဲ့တဲ့ ဗိုလ်တစ်ထောင်ဘုရားကို ကြည်ညိုစွာ ဖူးမြော်နေတဲ့ ပုံကလေးပေါ့။ရုပ်ထု ထုပြီးတော့ ဘုရားဝန်းထဲထားဖို့ သြဝါဒစရိယ ဆရာတော် ကိုးပါးကို လျှောက်ထားပြီး ခွင့်ပြု့ချက် ယူခဲ့ရတာ ဖြစ်ပါတယ်။ မြနန်းနွယ်ဟာ ၁၉၀၆ ခုနှစ်မှာ မွေးတာဖြစ်ပါတယ်။ယခုရှိဆိုရင် ၁၁၁ နှစ်ရှိရော့ပေါ့။ 2 အဲဒီ ရုပ်ထု ထုပြီးနောက်တော့ မိုးကုတ်မြို့က သူမ၏ ဆွေတော်မျိုးတော်တွေကို အိမ်မက်ပေးပါသတဲ့။ဗိုလ်တစ်ထောင်ဘုရားကို လာပြီး လှူတန်းကြဖို့။အမျိုးတွေလည်း လာလှူကြတယ်။အပြန်ကြတော့မိုးကုတ်က ကျောက်တွင်းတွေ အောင်ကြတယ်။အဲဒီကစပြီး တစ်ယောက်စ နှစ်ယောက်စနဲ့ အမတော်မြနန်းနွယ်ဆိုပြီး နာမည်ကြီးလာတာပဲ ဖြစ်ပါတယ်။ စထုကာစ ရုပ်ထုကတော့ ယောဂီဝတ်စုံနဲ့ ဆံပင်မပါပဲ ကတုံးပုံ။နောက်ပိုင်း သူမ ဆွေတော်မျိုးတော်တွေကဝတ်စုံတွေယူလာတယ်။ဆံပင်တုတွေ ယူလာတယ်။သလွန်တွေ ယူလာတယ်။ဒီလိုနဲ့ နတ်သမီးလိုလို ၊မင်းသမီး လိုလို တွေ ဖြစ်ကုန်တာ။ မြနန်းနွယ်ဟာ ဝါတွင်းဆိုရင် သီလရှင်ဝတ်စုံ နဲ့နေတာယခုဆိုရင် ၁၆ ကြိမ်ရှိပြီလို့ ပြောရတော့မှာပါ။ကျန်တဲ့ဝါပ အချိန်တွေတော့ လှလှပပ အစိမ်းရောင် ဝတ်စုံလိုအဝတ်အစားနဲ့ နေပါတယ်။ ဇာတ်လမ်းကတော့ ဒါပဲ။ သာသနာပြု ၊ဘုရားတည်ကျောင်းဆောက်တဲ့ အမျိုးသမီး။ အဲဒီမှာ သူမဘဝကလည်း ဆန်းဆန်းကြယ်ကြယ် ဖြစ်လောက်အောင်ဘဝကုသိုလ်က ကောင်းတော့ အဆင်းကလည်းလှတယ်။ ပေးနိုင်ကမ်းနိုင် လှူနိုင်တန်းနိုင်သူလည်းဖြစ်တယ်။ အဲဒီမှာ အထိမ်းအမှတ် ရုပ်ထု ထုလုပ်ပေးတယ်။ နောက်ပိုင်းဆက်ပြီး ဘယ်လို ကနေ ဘယ်လိုအိမ်မက်တွေ၊ အစောင့်ရှောက်တွေနဲ့ မြနန်းနွယ်ဟာမင်းသမီးလိုလို၊နတ်လိုလို ဖြစ်သွားရတာလဲ ဆိုတာတော့ မပြောတတ်တော့ဘူး။ မြနန်းနွယ်အကြောင်း ရေးသူ ဆရာအောင်ဆု ကိုယ်တိုင် အတိတ်ဘဝက မြနန်းနွယ်နဲ့ မောင်နှမတော်စပ်တယ်လို့ အိမ်မက်ရပြန်သတဲ့။ ယုံကြည်သူတို့ အဆိုအရ မြနန်းနွယ်ဆိုတာသိုက်စောင့်တဲ့။ အရိမတ္တေယျ ဘုရားပွင့်ရင် စောင့်နေတဲ့ ပစ္စည်းဥစ္စာတွေ လှူတန်းပြီး သာသနာပြု့ပြမယ် ဆိုပဲ။ ဘယ်လို ပြောရမလဲ။မြနန်းနွယ်ဆိုတာ လူထဲက လူပါပဲ။တနည်း သူ့ခေတ်က သာသနာအတွက် သူယုံကြည်သလို သာသနာပြု သွားတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။နှင်းဆီကုန်းဘိုးဘွားရိပ်သာတည်ထောင်သွာ တဲ့ဘွား ဦးဇွန်းတို့လိုပါပဲ။ ဒါကို နောက်အဆက် လူတွေက ဘယ်လို ယုံကြည်မှုတွေနဲ့ ကိုးကွယ်လိုက်ကြသလဲ။အမတော် အမတော် ဆိုပြီး မြနန်းနွယ်ဟာ အမတော်မြနန်းနွယ်ဖြစ်သွားရပါတယ်။ ထူးပေစွ၊ ဆရာဦးဖိုးကျား၏ သုံးဆယ်ခုနှစ်မင်း နတ်ဆိုတဲ့ စာအုပ်မှာ မှော်ဘီဆရာသိန်း က မသေသေးဘူး၊အဲဒါကို သန်လျင်ဘက်မှာ မှော်ဘီဆရာသိန်း နတ်ဆိုပြီးကိုးကွယ်နေကြပြီတဲ့။ဘိုဘိုးအောင်တို့၊ဘိုမင်းခေါင်တို့ လည်း တကယ်ရှိခဲ့တဲ့ လူထဲက လူတစ်ယောက်ပါပဲ။ ဒါပဲ နောက်လူတွေက ဝိဇ္ဇာအရှင် တန်ခိုးတော်အရှင်၊ထွက်ရပ်ပေါက်အရှင်တွေ ဖြစ်ကုန်အောင် ကိုးကွယ်ပစ်လိုက်ကြတယ်။သူတို့က ကတိတည်တယ်၊အောင်မြင်ရင် ကန်တော့ပွဲပေးရမယ် ဆိုရင် ပေးရတယ်။ အခုလည်း မြနန်းနွယ်ဆိုတာ ရုပ်ထုလေးထားပေးတာက စပြီး ကိုးကွယ်ရာ၊မစရာ အဖြစ် ယုံကြည်ပြီး သည်းသည်း လှုပ်ကုန်ကြတာ ဖြစ်ပါတယ်။ရုပ်ကတော့ မရှိဘူး၊နာမ်ကတော့ ကျန်နေတယ်။ရုပ်ရှိရင် နာမ်ကပ်တယ်ကွ လို့ ဆိုကြအုံးမယ်။ဒါကို မယုံကြည်ဘူးပြောရင် ဒါတွေ မင်းမသိဘူး လို့အပြောခံရတယ်။ မစော်ကားနဲ့ လို့ အပြောခံရတယ်။မြနန်းနွယ်ဟာ လူတစ်ယောက်ပါပဲဗျာ။ဘယ်လို လုပ် မစပေးမှာတုန်း။ အမှတ်တရ ရုပ်ထုတွေ ထားတာ တော့ မပြောလိုပါဘူး။အရုပ်ရှိတာနဲ့အဲဒီအရုပ်ကို လိုချင်တာ တောင်းလို့ရမယ်ဆိုရင်ဘယ်လိုများ တွေးကြည့်ရမလဲ မသိတော့ဘူး။ အခုလည်း ဝါတွင်းမှာ မြနန်းနွယ်ရုပ်ထုကို သီလရှင်ဝတ်ပေးတာ ၁၆ ကြိမ်တောင် ရှိပါပြီတဲ့။ဒါလည်း မြနန်းနွယ်ဆိုတာက အိမ်မက်ပေးလို့ ဝတ်ကြတာလား။သက်ရှိလူတွေ အမြင်မှာတော့ရုပ်ထုက သီလရှင်ဝတ်စုံနဲ့ ပုံပေါက်သွားမယ်။ဝါပဆိုရင် မင်းသီးလေးလို အစိမ်းရောင်ဝတ်စုံ ပြန်ဝတ်ပေးကြမယ်။ အဲဒီမှာ ရုပ်ထုဘက်ကြည့်ရင် နဲနဲ ကမောက်ကမဖြစ်မနေဘူးလား။ အသက်မဲ့တဲ့ ရုပ်တုက သီလ၊သမာဓိ၊ ပညာ ဘယ်လိုလုပ် တည်နိုင်မှာလဲ။ ဗုဒ္ဓက စေတနာသည် ကံလို့ ပြောတယ်။ စေတနာဖြစ်ပေါ်နိုင်ရာ ဇီဝိတိန္ဒြေ မရှိတဲ့ သက်မဲ့ ရုပ်တုကဘယ်လို စေတနာစိတ်ထားတွေ ပေါ်ပေါက်လာမလဲ။ဆိုတာက ဝါတွင်းကို သီလရှင်ဝတ်ပေးတဲ့ သူတွေအမြင်မှာတော့ မြနန်းနွယ်ရုပ်တုဟာ အသွင်းပြောင်းသွားပါလိမ့်မယ်။ 

Comments

Popular posts from this blog

မြန်မာနိုင်ငံရှိ လိုဏ်ဂူများ

ကျိုက်ခေါက်စေတီ